စက်ခေါင်းစက်ရုံ(အင်းစိန်)သည် မြန်မာ့မီးရထားသမိုင်းတွင် ပထမဆုံး တည်ဆောက်ခဲ့သော စက်ရုံကြီးတစ်ရုံဖြစ်ပြီး (၁၈၇၅) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ စက်ရုံ၏ တည်နေရာမှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်း၊ ရန်ကုန်–အင်းစိန် မော်တော်ကား လမ်းမ ကြီး၏ အနောက်ဖက်၊ တစ်ဖာလုံခန့်အကွာနှင့် ရန်ကုန်–ပြည် ရထားလမ်းရှိ အင်းစိန်ဘူတာ၏ အနောက်ဖက် ရထားလမ်းအနီးတွင် တည်ရှိပါသည်။ စက်ရုံ၏ အကျယ်အဝန်းမှာ (၂၃.၁) ဧက ရှိပါသည်။ (၁၉၈၃) ခုနှစ် မေလတွင် အောက်ဆီဂျင်ဓါတ်ငွေ့စက်ရုံ အကျယ်အဝန်းအား (၃.၆၈) ဧက တိုးချဲ့ခဲ့ရာ စုစုပေါင်းအကျယ်အဝန်းမှာ (၂၆.၇၈)ဧက ရှိပါသည်။
စက်ရုံတည်ဆောက်ပြီးစတွင် ပုံသွန်းရုံ၊ တွင်ရုံ၊ စက်တည်ရုံ၊ ပန်းပဲရုံနှင့် စက်ဆင်ရုံများ ပါဝင်သော အလုပ်ရုံခွဲ (၅)ရုံရှိခဲ့ရာ၊ (၁၉၂၈)ခုနှစ်မှ (၁၉၃ဝ) ခုနှစ်အတွင်း စက်ရုံခွဲ (၁ဝ)ရုံအထိ တိုးချဲ့ခဲ့ပြီးဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဗုံးဒဏ်ကို အလူးအလဲခံခဲ့ရပြီး စက်ရုံ အဆောက်အဦးနှင့် စက်ကရိယာ များ ချို့ယွင်းပျက်စီးခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး ပြီးနောက် ပြန်လည်ထူထောင်ချိန်တွင် ဖြည့်တင်းရန် လိုအပ်သော စက်ကိရိယာများ တပ်ဆင်နိုင်ရေးအတွက် “ဆင်းမလား” စီမံကိန်းကို အိန္ဒိယ ပြည်၌ရေးဆွဲခဲ့ပြီး စက်ရုံပေါင်း(၁၁)ရုံ၊ အလုပ်သမား ပေါင်း (၁၆ဝဝ)ခန့်ဖြင့် (၁၉၄၅)ခုနှစ်တွင် ပြန်လည် တည်ထောင်ခဲ့ပါသည်။
စစ်မဖြစ်ပွားမီအချိန်က အသုံးပြုခဲ့သော စက်ခေါင်းအရန်ပစ္စည်းအများအပြားကို ဗြိတိန်နိုင်ငံမှ မှာယူအသုံးပြုခဲ့ရပါသည်။ စစ်ပြီးခေတ်မှစ၍ ရေနွေးငွေ့စက်ခေါင်းများအတွက် လိုအပ်သော အရန် ပစ္စည်းများကို စက်ရုံ၌ပင် အမျိုးအစားပေါင်း (၂ဝဝဝ) ခန့်အထိ ထုတ်လုပ်အစားထိုး သုံးစွဲပြီး မမှာလျှင် မဖြစ်သည့် ပစ္စည်းများကိုသာ ဗြိတိန်နိုင်ငံမှ မှာယူသုံးစွဲခဲ့ပါသည်။
မြန်မာ့မီးရထားသည် စစ်ကြိုခေတ်၌ ရေနွေးငွေ့စက်ခေါင်း (၃၆၅)လုံးဖြင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ပြီး ရေနွေးငွေ့စက်ခေါင်းများ ပြင်ဆင်မွမ်းမံထုတ်လုပ်မှု လုပ်ငန်းများနှင့် တွဲများ ပြင်ဆင်မွမ်းမံမှု လုပ်ငန်းနှစ်မျိုးစလုံးကို လုပ်ကိုင်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ (၁၉၁၁)ခုနှစ် တွင် မြစ်ငယ်စက်ရုံကို တည်ဆောက်ပြီးစီးခဲ့သဖြင့် တွဲပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကို မြစ်ငယ်သို့ ပြောင်းရွေ့ လုပ်ကိုင်ခဲ့ပါသည်။ (၁၉၅၈) ခုနှစ်တွင် ရေနွေးငွေ့စက်ခေါင်း (၂၉၇)လုံး ကို အသုံးပြုခဲ့ပါသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အချိန်တိုတိုနှင့် ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍လည်းကောင်း၊ ရေနွေးငွေ့စက်ခေါင်းတွင်အသုံးပြုရမည့် လောင်စာ စရိတ်သည် တဖြည်းဖြည်း ကြီးမြင့်လာသည်နှင့်အမျှ လောင်စာစရိတ် သက်သာစေရန်အတွက် ရည်ရွယ်၍လည်းကောင်း၊ အသုံးပြုသက်တမ်းကြီးရင့်ပြီး ဖျက်သိမ်းရသည့် ရေနွေးငွေ့စက်ခေါင်း ၏နေရာတွင် အစားထိုး အသုံးပြုရန် ရည်ရွယ်၍လည်းကောင်း၊ (၁၉၅၈)ခုနှစ်တွင် ဒီဇယ်စက်ခေါင်း (၆)လုံးကို ပြင်သစ်နိုင်ငံ အယ်စသွန်ကုမ္ပဏီမှ ဝယ်ယူခဲ့ပါသည်။ ၎င်းစက်ခေါင်းများကို ရန်ကုန်-မန္တလေးလမ်းပိုင်းတွင်(၄-၁-၁၉၅၈)နေ့မှစတင်ပြေးဆွဲခဲ့ပါသည်။
အင်းစိန်စက်ရုံသည် လက်ရှိ မြန်မာ့မီးရထားတွင် ပြေးဆွဲနေသော ဒီဇယ်လျှပ်စစ် စက်ခေါင်းများ ကို အကြီးတန်း၊ အလတ်တန်းပြုပြင်မွမ်းမံခြင်း၊ အဆိုပါ စက်ခေါင်းများအတွက် လိုအပ်သော အရန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းများ တည်ဆောက်ခြင်း ရေနွေးငွေ့ ကရိန်းများပြုပြင်ခြင်း စသည်တို့ကို အဓိကထားလုပ်ဆောင်လျက်ရှိပါသည်။