မြန်မာ့မီးရထားသည် ၁၉၅၈-ခုနှစ်တွင် ဒီဇယ်စက်ခေါင်း(၆)လုံးကို စတင်ဝယ်ယူ၍ အသုံးပြုခြင်း ဖြင့် မြန်မာနိုင်ငံရထားပို့ဆောင်ရေးသမိုင်းတွင် ဒီဇယ်ရထားကဏ္ဍအသစ်တစ်ရပ် ဖွင့်လှစ် ခဲ့ပါသည်။ ထိုအချိန်မှစ၍ ရေနွေးငွေ့စက်ခေါင်းများ နေရာတွင် ဒီဇယ်စက်ခေါင်းများကို ဝယ်ယူ အစားထိုး အသုံးပြုလာခဲ့ရာမှ နောက်ပိုင်း စက်ခေါင်း အရေအတွက် များပြားလာချိန်တွင် အင်းစိန် စက်ခေါင်းစက်ရုံ တစ်ခုတည်းဖြင့် ပြင်ဆင်နိုင်စွမ်း မရှိတော့၍ ဒီဇယ်လျှပ်စစ် စက်ခေါင်း များကို အင်းစိန်စက်ရုံ၌ လည်းကောင်း၊ ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းများကို ရွာထောင်၌ စက်ခေါင်းစက်ရုံ တည်ဆောက်၍ လည်းကောင်းပြင်ဆင်ရန် စီစဉ်ခဲ့ပြီးနောက် ၁၉၆၉-ခုနှစ်တွင် ရွာထောင်ဒီဇယ်စက်ခေါင်းပြင် စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါသည်။
ရွာထောင်ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို ၁၉၆၉-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၇၅-ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ပြီးစီးကာ ၁၉၇၅-ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သဖြင့် ယခုဆိုလျှင် ဤစက်ရုံ သက်တမ်းမှာ (၃၈)နှစ် ရှိပြီ ဖြစ်ပါသည်။ ရွာထောင်စက်ရုံသည် စစ်ကိုင်းမြို့မြောက်ဘက်၊ ရွာထောင်ရွာအရှေ့ဘက်၊ မီးရထားရပ်ကွက်နယ်မြေ မင်းဝံတောင်ခြေတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ (၄၃.၀၄ ဧက) ကျယ်ဝန်းပါသည်။ ယခုအခါ မြန်မာ့မီးရထား၏ လိုအပ်ချက်အရ ဒီဇယ်စက်ခေါင်းစက်ရုံ၊ရွာထောင် အနေဖြင့် ဒီဇယ်ဟိုက်ဒြောလစ်စက်ခေါင်းများသာမက ဒီဇယ်လျှပ်စစ်စက်ခေါင်းများကိုလည်း ပြုပြင်ပေးလျက်ရှိပါသည်။
ဒီဇယ်စက်ခေါင်းစက်ရုံ၊ရွာထောင်၌ မြန်မာ့မီးရထား၌ လိုအပ်လျက်ရှိသော စက်ခေါင်းများအား အကြီးတန်းပြုပြင်ခြင်း၊ အလတ်တန်းပြုပြင်ခြင်းစသည့် မွမ်းမံမှုများ ပြုလုပ်သည့်အပြင် အသုံးပြု သက်တမ်းကြာမြင့်သော စက်ခေါင်းများအား Engine အသစ်တင်ကာ စွမ်းအားမြှင့်တင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အသုံးမပြုတော့သည့် စက်ခေါင်းများမှ အရန် ပစ္စည်းများ အားပြုပြင်မွမ်းမံ၍ ဆယ်တင်ပစ္စည်းအဖြစ် ပြန်လည် အသုံးပြုခြင်း၊ အရန်ပစ္စည်း အမယ် သစ်များတီထွင် ထုတ်လုပ်ခြင်းများ ဆောင်ရွက်ကာ မြန်မာ့မီးရထားအတွက် လိုအပ်လျက်ရှိသော စက်ခေါင်းငယ်များ၊ ဌာနသုံး သံလမ်းပြေးယာဉ်များ တည်ဆောက်ခဲ့ပါသည်။