နေပြည်တော် ဧပြီ ၁၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက   မြန်မာ့မီးရထား၊  နေပြည်တော်ဘူတာကြီးဝန်းအတွင်းရှိ မြန်မာ့ ရိုးရာ အတာသင်္ကြန် ရေကစားမဏ္ဍပ်၌ ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊  ဌာနအသီးသီးမှ ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များကျင်းပရာမှာ မိမိတို့မြန်မာလူမျိုးများက  နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းချိန်တွင် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို  သင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကာ သင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ အတီးမှုတ်များဖြင့် ကပြဖျော်ဖြေ၍ ခြိမ့်ခြိမ့်သဲ ဆင်နွဲကြကြောင်း၊  ဒါကြောင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ  ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်းစသည့် မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် နှစ်သစ်ကို အတူတကွ ကြိုဆိုကြရန် ဦးစွာနှုတ်ခွန်းဆက်စကားပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ဌာနအကြီးအမှူးများနှင့်အတူ ရေကစားမဏ္ဍပ်ကို  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ အကြီးအကဲများနှင့် မိသားစုများက ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ ပျော်ရွင်စွာရေကစားကြပါသည်။ ယင်းနောက် ဌာနအသီးသီးမှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန